မြန်အောင် မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောခြင်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းမင်းစိုး၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်းတို့ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလိုကြောင်း၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်း စနစ်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ အစရှိသည်များအား ဆွေးနွေးဟောပြောခဲ့ကြပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်အောင်မြို့နယ် တာခွတဲကြီးကုန်း ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူ ၁၀၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောခြင်းများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို သက်ဆိုင်ရာ ရပ်/ ကျေးအုပ်ချုပ်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)