ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း စနစ်တကျဆောင်ရွက်ပေး

ပခုက္ကူ မတ် ၁၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ဖျားနာလူနာ၊ ခွဲစိတ်လူနာ၊ ထိခိုက်ဒဏ်ရာရလူနာများနှင့် ကလေးလူနာများစသည့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အတွင်းလူနာနှင့်အပြင်လူနာများဖြင့် အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ပြင်ပလူနာအနေနဲ့ကတော့ ရိုးရိုးပြင်ပလူနာနဲ့ အရေးပေါ်ပြင်ပလူနာဌာနရှိတယ်၊ နောက်ပြီး အထူးကုပြင်ပလူနာဌာနတွေမှာလည်း လက်ခံကုသပေးနေပါတယ်၊ အဲ့ဒါတွေကတော့ တစ်ရက်ကို အယောက် (၅၀) မှ (၁၀၀) အတွင်းရှိပါတယ်၊ ပခုက္ကူဆေးရုံကြီးမှာ ဖျားနာလူနာတွေ၊ ခွဲစိတ်နှင့် ပတ်သက်တဲ့အူတက်ရောင်တဲ့လူနာတွေ၊ ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေ၊ ကလေးလူနာတွေအတက်များပါတယ်၊ နောက်ဆရာမကြီးတို့ဆေးရုံမှာ အဓိကအားဖြင့် ကျောက်ကပ်ဆေးတဲ့လုပ်ငန်း လုပ်နိုင်ပါတယ်၊ ကျောက်ကပ်ဆေးတဲ့စက်ကိရိယာ (၁၃) လုံးနဲ့ ကျောက်ကပ်ဆေးတဲ့လူနာတွေကို တစ်လလျှင် အကြိမ်ရေပေါင်း (၅၄၀) ခန့်လုပ်နေပါတယ်၊ နောက်တစ်ခုကတော့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ထားတဲ့ အောက်ဆီဂျင်စက်နဲ့ လုံလောက်စွာ ဆေးရုံအတွက်သာမက ပြင်ပလူမှုရေးအဖွဲ့အည်းတွေကိုပါ အသုံးပြုဖို့ထုတ်လုပ်ပေးနိုင်ပါတယ်” လို့ ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦးက ပြောသည်။

ပခုက္ကူအထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ဖျားနာကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ ထိခိုက်ဒဏ်ရာနှင့် အရိုးကုသဆောင်၊ သွားဖွားမီးယမ်ကုသဆောင်အပါအဝင် စုစုပေါင်းကုသရေးဌာန (၁၄) ခုရှိပြီး စုစုပေါင်းကျန်းမာရေးဝန်ထမ်း (၂၄၀) ဦးဖြင့် အတွင်းလူနာကို တစ်လလျှင် (၁၀၀၀) ဦးခန့်နှင့် အပြင်လူနာကို တစ်ရက်လျှင် (၁၀၀) ဦးခန့်နီးပါးအထိလက်ခံကာ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို စနစ်တကျကုသဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးရုံကြီးတွင် မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှပြည်သူများအပြင် ရေစကြို၊ မြိုင်၊ ပေါက်၊ ဂန့်ဂေါနှင့် ညောင်ဦးမြို့နယ်များမှ ပြည်သူများ၊ ချင်းပြည်နယ်မှ မင်းတပ်မြို့၊ ကန်ပက်လက်မြို့နှင့် မတူပီမြို့များမှလည်း လာရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဘာမီသာ