ကျောင်းကုန်းမြို့၌ (၈) ဘွဲ့ရ သီလရှင်အကျော်မနိမလသိင်္ဂီလင်္ကာရအား ဂုဏဝိသဌ ဂုဏ်ပြုပူဇော်ပွဲကျင်းပ

ကျောင်းကုန်း မတ်လ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ် (၄) ရပ်ကွက်၊ သာသနာ့နွယ်သိင်္ဂီသီလရှင်ပရိယတ္တိစာသင်တိုက်၌ (၈) ဘွဲ့ရ သီလရှင်အကျော် မနိမလသိင်္ဂီလင်္ကာရအား ဂုဏဝိသဌ ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားရှိခိုးပြီး၊ ထူးမခြားနားဂုဏ်တော်တေးဓမ္မဖြင့် ဂုဏ်ပြုပူဇော်ခဲ့သည်။ မြို့နယ်သံဃနာယက အကျိုးတော်ဆောင် ပညာရာမိကကျောင်းတိုက် မှော်သေးဆရာတော် ဘဒ္ဒန္တသူရိယထံမှ (၉) ပါးသီလ ခံယူဆောက်တည်ကာ ဩဝါဒတရားချီးမြှင့်ခဲ့သည်။

ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး ဆရာလေးများက ယံဒုန္နိမိတ္တံ (၃) ဂါထာ၊ ဘဝတုသဗ္ဗမင်္ဂလံ (၃) ဂါထာတို့ကို ရွတ်ဖတ်ချီးမြှင့်ပေးခဲ့ကြပြီး၊ ကံဦးဓမ္မရိပ်သာကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကက (၈) ဘွဲ့ရ မနိမလသိင်္ဂီလင်္ကာရ၏ ထေရုပတ္တိကို ဖတ်ကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက လျောက်ထားခဲ့ပြီး၊ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခဲ့ကြသည်။ သာသနာ့နွယ်သိင်္ဂီသီလရှင် ပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယက ဆရာကြီး ဒေါ်သုမေဓာဝိနီက ဝမ်းမြောက်ကြောင်း ရင်တွင်းပီတိစကားလျောက်ထားခဲ့ပြီး၊ "ကြယ်ကလေးများ၏ ဂီတမိုးကောင်းကင်" တေးသံရှင် မရွှန်းလဲ့ဝတီက ရှစ်ဆယ်ပေါ်တေးထပ်ဖြင့်လည်းကောင်း၊ မင်္ဂလာပိုဒ်စုံတို့ဖြင့်လည်းကောင်း ဂုဏ်ပြထောပနာပူဇော်ခဲ့သည်။

ထို့နောက် ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ ဘွဲ့တော် (၈) ဘွဲ့ရ ဆရာလေး "မနိမလသိင်္ဂီလင်္ကာရ" အား အလှူရှင်များက လှူဒါန်းဖွယ်ရာအဖြာဖြာဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မနိမလသိင်္ဂီလင်္ကာရသည် ၁၃၆၆ ခုနှစ်တွင် အစိုးရအခြေပြုမူလတန်းကိုလည်းကောင်း၊ ၁၃၇၀ ခုနှစ်တွင် အစိုးရပထမငယ်တန်းကိုလည်းကောင်း၊ ၁၃၇၁ ခုနှစ်တွင် အစိုးရပထမလတ်တန်းကိုလည်းကောင်း၊ ၁၃၇၅ ခုနှစ်တွင် အစိုးရပထမကြီးတန်းကိုလည်းကောင်း၊ ၁၃၇၇ ခုနှစ်တွင် ရန်ကုန်မြို့ သာသနာ့ဝန်ဆောင်သာမဏေကျော် ပထမဆင့်နှင့် သထုံမြို့ ရွှေပါရမီ ပရိယတ္တိသာသနာလင်္ကာရသာမဏေကျော် ပထမဆင့်ကိုလည်းကောင်း၊ ၁၃၈၁ခုနှစ်တွင် ဝိနယမာမကဘွဲ့ကိုလည်းကောင်း၊ ၁၃၈၃ ခုနှစ်တွင် ရန်ကုန်မြို့ သာသနာ့ဝန်ဆောင်သာမဏေကျော် ဒုတိယဆင့်နှင့် အစိုးရနိကာယ် "ဝိနယဝိဒူဘွဲ့" ကိုလည်းကောင်း၊ ၁၃၈၄ ခုနှစ်တွင် ဟိုပုံးမြို့ နာဂပုရသာမဏေကျော် ဒုတိယဆင့်နှင့် ရက္ခပူရသာမဏေကျော်ဒုတိယဆင့်ကိုလည်းကောင်း၊ ၁၃၈၅ ခုနှစ်တွင် အစိုးရနိကာယ်" အင်္ဂုတ္တရနိကာယဝိဒူ" ဘွဲ့နှင့် "အင်္ဂုတ္တရနိကာယမာမက" ဘွဲ့၊ ဟိုပုံးမြို့ "နာဂပုရသာမဏေကျော်လင်္ကာရဘွဲ့"၊ ပုသိမ်ကြီးမြို့ ချမ်းမြရံသီစာသင်တိုက်၏ "ပရိယတ္တိသဒ္ဒမ္မဓ ဇသာသနာလင်္ကာရအကျော်" ဘွဲ့၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့ "မဇ္ဈိမာလင်္ကာရအကျော်ဘွဲ့"၊ သန်လျင်မြို့ "ထေရဝါဒပရိယတ္တိသာသနဟိတသာမဏေကျော်လင်္ကာရ" ဘွဲ့ စုစုပေါင်း (၈) ဘွဲ့ကို အောင်မြင်တော်မူခဲ့သည်။

လှူဒါန်းမှုအစုစုတို့အတွက် နိုင်ငံတော်ဗဟိုဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဝရဓဇက အနုမောဒနာတရားဟောကြားကာ ရေစက်သွန်းချအမျှအတမ်းပေးဝေခဲ့ပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရွှေမိုးငွေမိုး ရွာသွန်းဖြိုးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)