ကသာ မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ရှိ မီးဘေးသင့်အိမ်ထောင်စု ၆ စုအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကသာမြို့တွင် ယမန်နေ့ ညနေ (၄) နာရီခွဲအချိန်ခန့်က မြောက်ပိုင်းရပ်ကွက်၊ အောင်သပြေလမ်း နံကပ်တစ်ထပ်ဂိုထောင်မှ ပေါ့ဆမီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရပ်ကွက်ရှိ လူနေအိမ် ၆ လုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့် စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး (၃၄၂၆၀၀၀၀) ကျပ်ခန့်ရှိခဲ့ကာ မီးလောင်မှုကြောင့် ဆုံးရှုံးခဲ့သောအိမ်ထောင်စု ၆ စုအား ကသာမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ခေတ္တအုပ်ချုပ်ရေးမှူး ဦးရဲထွန်းနှင့် ဝန်ထမ်းများ၊ ကသာခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက မီးဘေးသင့်အိမ်ထောင်စုဝင်များ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အိမ်ထောင်စု ၆ စုအား တစ်အိမ်လျှင် ကယ်ဆယ်ရေးပစ္စည်း Family Kits (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ်ခဲ့ရာ မီးဘေးသင့်ပြည်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ကသာမြို့ မီးဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် ဆန်ဖိုးရိက္ခာများ စုစုပေါင်း (၁၂၆၀၉၀၀) ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ကျော်စွာ(ကသာ)