ပေါင်းတည်၌ ယဉ်ကျေးမှုနှင့်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပေါင်းတည် မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီက နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးမှုနှင့်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို မင်းကွက် (၂) ရပ်ကွက်၊ ၁၅လမ်း ပေါ်တော်မူဓမ္မာရုံကျောင်း၌ ကျင်းပပြုလုပ်သည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားရှိခိုးကန်တော့ကာ အခမ်းအနားကို စတင်ကျင်းပသည်။ ဆက်လက်၍ တက်ရောက်လာကြသော ပရိသတ်အပေါင်းက ပေါ်တော်မူကျောင်းဆရာတော်ထံမှ ငါးပါးသီလနှင့်သင်တန်းဆင်းသြဝါဒခံယူကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ ဖိတ်ကြားထားသူများ တက်ရောက်အားပေးကြသည်။ သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြပြီးနောက် ပေါ်တော်မူဓမ္မာရုံကျောင်းကော်မတီနာယကမှ ဝမ်းမြောက်ကြောင်းနှင့် သင်တန်းသားများကိုယ်စား မိဘတစ်ဦးက သင်တန်းသားကလေးသူငယ်များ ယဉ်ကျေးလိမ္မာလာ​ခြင်းနှင့် ကွန်ပျူတာအသုံးပြုတတ်လာခြင်းတို့ကြောင့် ဝမ်းသာပီတိဖြစ်ကာ အားရမိပါကြောင်း ပြောကြားကြသည်။

ယင်းနောက် ကွန်ပျူတာပန်းချီဆု၊ ပါဝါပွိုင့်ဆု၊ အင်္ဂလိပ်စာအရေးအဖတ်အပြောဆိုင်ရာဆုများကို တာဝန်ရှိသူများက ဆုရရှိသူများကို အသီးသီးပေးအပ်ချီးမြှင့်ကြပြီး သင်တန်းနည်းပြဆရာမများက သင်္ကြန်သီချင်းအကဖြင့် ဖျော်ဖြေတင်ဆက်ကာ သင်တန်းဆင်းအခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)