ပေါင်းတည်၌ ပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေး အစည်းအဝေးကျင်းပ   

ပေါင်းတည် မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့မွန်းလွဲပိုင်းက မြန်မာသက္ကရာဇ် ၁၃၈၅ခု (၂၀၂၄ခုနှစ်) ပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေး အစည်းအဝေး ကျင်းပခဲ့ကြသည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားရှိခိုးပူဇော်ကန်တော့ကာ အစည်းအဝေးအခမ်းအနားကို ဖွင့်လှစ်သည်။ ဆက်လက်၍ သြဝါဒစရိယဆရာတော်ကြီးများဖြစ်သော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တမဟိန္ဒနှင့် မဟာဒွါရသြဝါဒစရိယဆရာတော် ဘဒ္ဒန္တမာဃိန္ဒတို့မှ ဗုဒ္ဓဘာသာသာသနာအဓွန့်ရှည်တည်တံ့ရေးနှင့် သာသနာတော်ကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်းတို့ကို သြဝါဒမိန့်ကြားသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က သာသနာရေးဆိုင်ရာများ၊ ပါဠိပထမပြန်စာမေးပွဲကျင်းပရေး၊ စာဖြေသံဃာတော်များအား ကူညီပံ့ပိုးရေးနှင့် ဆွမ်းကွမ်းဆက်ကပ်လှူဒါန်းရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားမှုများကို လျှောက်ထားတင်ပြသည်။

ထို့နောက် ပထမပြန်စာမေးပွဲကြီးကြပ်ရေးအဖွဲ့မှ သိလိုသည်များကို မေးမြန်းလျှောက်ထားကြရာ သြဝါဒစရိယဆရာတော်ကြီးများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်စေခဲ့ကြောင်း သိရသည်။

အဆိုပါ ပထမပြန်စာမေးပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ရက်မှ ဧပြီလ ၉ရက်အထိ မြို့နယ်သာသနာ့ဗိမာန်ခန်းမဆောင်တွင် ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်သံဃနာယကအဖွဲ့ထံမှ သိရသည်။

သူရကြီး(ပြန်/ဆက်)