ကျွန်းလှ မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဒေသဖွဲ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများက ပိတောက်မြိုင်ရပ်ကွက်၊ အမှတ် (၆) လမ်း၊ ခွင့်ပြုရန်ပုံငွေကျပ် ၃၀ ဒသမ ၀၀ သန်းဖြင့် အရှည် ၁၁၀၀ ပေ၊ အကျယ် ၁၄ ပေ ကျောက်ချောလမ်းခင်းခြင်း၊ ခွင့်ပြုရန်ပုံငွေကျပ် ၇ ဒသမ ၂၆၀ သန်းဖြင့် အလျား ၃၀ ပေ၊ အနံ ၇ ပေ၊ အမြင့် ၅ ပေ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းနှင့် တံတားကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေဖြင့်ဆောင်ရွက်ကြောင်း၊ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး၍ ရေစီးရေလာကောင်းမွန်ပြီး၊ ရဟန်းရှင်လူပြည်သူများ သွားလာရေးအဆင်ပြေကြောင်း သိရသည်။
မျိုးဝင်းညို