နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ တောင်သူနည်းပညာပေးသင်တန်းကျင်းပ

မုံရွာ မတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ နာဂရိုးရာယဥ်ကျေးမှုပြတိုက်၌ နာဂဒေသဖွံ့ဖြိုးတိုးတက်ရေး ဝမ်းစာဖူလုံရေးအတွက် Working Group ၏ စိုက်ပျိုးပညာပေးသင်တန်းကို မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ပြတိုက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ Working Groupခေါင်းဆောင် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကြည်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဦးမြင့်လွင်က ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်း နည်းစနစ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ကြည်ရွှေက နေကြာသီးနှံပန်းတိုင်အထွက်နှုန်းထွက်ရှိရေး နည်းစနစ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးနေသူရဇော်က အစေ့ထုတ်ပြောင်းသီးနှံပန်းတိုင်အထွက်နှုန်းထွက်ရှိရေး နည်းစနစ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းဌေးက ထောပတ်သီးနှံစိုက်ပျိုးနည်းစနစ်များကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက တက်ရောက်လာသော တောင်သူများအား စိုက်ပျိုးရေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ ပေးအပ်ခဲ့ပြီးနောက် တက်ရောက်လာသော တောင်သူများနှင့်ဝန်ထမ်းများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဌာနဆိုင်ရာအကြီးအကဲဝန်ထမ်း (၂၀) ဦး၊ တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း (၅) ဦး၊ နာဂဒေသစိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း (၁၅) ဦးနှင့်တောင်သူ (၃၀) ဦး စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)