လှိုင်းဘွဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မူလတန်းကြိုကျောင်း၏ ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပ

လှိုင်းဘွဲ မတ် ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုကျောင်းမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ယူပြီးမြောက်ခဲ့ကြသော မူလတန်းကြို ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ဒေါ်အေးအေးမူက တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး မူလတန်းကြိုကျောင်းဆင်း ရင်သွေးငယ်လေး များက လမ်းပြကြယ်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရင်သွေးငယ် (၄၃) ဦးတို့အား မူလတန်းကြိုကျောင်းဆင်းဂုဏ်ပြုလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် မူလတန်းကြိုကျောင်းမှ ကလေးငယ်များက ကျောင်းသားမိဘများနှင့် ဧည့်သည်တော်များအား ပဒေသာကပွဲများဖြင့် ဖျော်ဖြေတင်ဆက်ကပြခဲ့ကြပြီး မူလတန်းကြိုဆရာမများက အလှကမ္ဘာမြေ တေးသီချင်းဖြင့် ကလေးငယ်များကို ပြန်လည်ကပြဖျော်ဖြေပေးခဲ့ကြကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)