ထားဝယ် မတ် ၁၆
“မျှတအလေးမူ တာဝန်ယူ၊ စားသုံးသူ အကျိုးပြု ဉာဏ်ရည်တု” ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ထွန်းက ယနေ့အချိန်အခါတွင် AI နည်းပညာသည် ကမ္ဘာနှင့်အဝှမ်းအသုံးချလာပြီဖြစ်သောကြောင့် စားသုံးသူများဖြစ်ပေါ်လာသော အခက်အခဲများကို AI နည်းပညာအသုံးချပြီးအကြံဉာဏ်များအလွယ်တကူ ရယူနိုင်ပြီးဖြစ်ကြောင်း၊ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပြည်သူလူထုအားလုံးသည်စားသုံးသူများ ဖြစ်ကြသည့်အားလျော်စွာ မိမိတို့၏စားသုံးသူအခွင့် အရေး(၈)ရပ်ကိုကောင်းမွန်စွာ သိရှိနားလည်၍ မှန်ကန်စွာရယူပိုင်ဆိုင်ကာ အခွင့်အရေးဆုံးရှုံးမှု ဖြစ်ပေါ်လာအချိန်အခါတိုင်း စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ သက်ဆိုင်ရာကော်မရှင်၊ ကော်မတီ၊ ဦးစီးဌာနများတွင် ဖြေရှင်းဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများအနေဖြင့် ကျင့်ဝတ်နှင့်အညီပြည်သူများအတွက်အကျိုးရှိမည့် ဝန်ဆောင်မှုများ၊ ထုတ်ကုန်ပစ္စည်းများကို အတ္တပရမျှတစွာ တိုးတက်ထုတ်လုပ်ရင်းစားသုံးသူပြည်သူများအတွက် ဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် Video Clip များပြသရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများက ကြည့်ရှုအားပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသတင်း ရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)