၂၀၂၄-၂၀၂၅ ခုနှစ်၊ မျိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) သမဝါယမကဏ္ဍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ထားဝယ်     မတ်   ၁၆

တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခုနှစ်၊ မျိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) သမဝါယမကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တို်ငးဒေသကြီးသမဝါယမဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ Video Conferencing စနစ်ဖြင့်ကျင်းပသည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး သမဝါယဦးစီးဌာန၊ ညွှန်ကြားရေမှူးဦးကျော်စိုးမင်းက တိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ လယ်ဧက(၆၀၄၀)အတွက် မတည် ပံ့ပိုးငွေ(၁၂၀၈.၀၀)ကျပ်သန်းနှင့် သမဝါယမအသင်းအချင်းချင်းမှ ပံ့ပိုးငွေဖြင့်လယ်ဧက (၄၁၁၁) အတွက် (၈၂၂.၂၀၀) ကျပ်သန်း စုစုပေါင်း (၂၀၃၀)  သန်းအားပံ့ပိုး၍ လယ်(၁)ဧကအထွက်နှုန်းတိုးစေရေး ဆောင်ရွက်ခဲ့ကြောင်း၊ မတ်လ ၁၅ ရက်နေ့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှသွင်းအားစုပံ့ပိုးမတည်ငွေ(၁.၂)ဘီလီယံ ကောက်ခံရရှိပြီးဖြစ်ကြောင်း၊ ယခုအခါ တောင်သူများက စပါးရိတ်သိမ်းပြီးစီး၍သွင်းအားစုတိုး မတည်ပံ့ပိုးငွေများအားပေးသွင်းဆောင်ရွက်ခဲ့ပြီး စိုက်ဧက(၁၀၁၅၁,၃၁) အပေါ်အထွက်ပမာဏ တင်းပေါင်း (၇၂၂၇၁၄)တင်း ထွက်ရှိကာ လယ်(၁)ဧကအထွက်နှုန်းအနေဖြင့် ပျမ်းမျှ(၁)ဧကလျှင် (၇၀)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မျိုးစပါးအနေဖြင့် ပေါ်ဆန်းရင် ၊ ဆင်းသုခ၊ ကျော်ဇေယျနှင့် မှော်ဘီ(၃)စပါးမျိုး များစိုက်ပျိုးခဲ့ပြီးယခင် ၂၀၂-၂၀၂၃ ခုနှစ်ထက် အထွက်နှုန်းတိုးအောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် တောင်သူများအတွက် အကျိုးကျေးဇူးများ ရရှိနိုင်ခဲ့ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ ကိုယ်စားလှယ်များ၊ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်အတွင်းရှိ မြို့နယ်ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အသင်းစုများ၊ အသင်းသားတောင်သူများတို့က ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် တနင်္သာရီ တိုင်းဒေသကြီးအတွင်း လယ်ဧက(၁၀၀၀၀)ကျော်အား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တောင်သူများလိုအပ်သည့် မျိုးစပါးသွင်းအားစု လိုအပ်ချက်စာရင်းများအား ပြုစုတင်ပြရန်နှင့်ယခင်နှစ်ထက် အထွက်နှုန်းတိုးစေရေး၊ အထွက်နှုန်းတိုးစေမည့် မျိုးစပါးများပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)