သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းတွင် ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကျင်းပ

သရက်ချောင်း     မတ်     ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းတွင် ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက သရက်ချောင်းမြို့၊ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးနှင့် ဆရာ/ဆရာမများ၊ ကလေးသူငယ်များနှင့် မိဘများတက်ရောက်ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်လူမူဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက တက်ရောက်လာသူများအား အခုလို (၂၀၂၃-၂၀၂၄)ပညာသင်နှစ် (၁)နှစ်ပြီးဆုံး၍ ကလေးသူငယ်များအား ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲကျင်းပပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများ၊ မိဘများက ကလေးသူငယ်များအား ကျောင်းဆင်းလက်မှတ်များချီးမြှင့်ပေးခြင်း၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့်အဖွဲ့ဝင်များက ကလေးငယ်များအား အာဟာရများကျွေးမွေးပေးပြီးနောက် ရင်သွေးငယ်များက မင်္ဂလာပါ၊ တောင်ယာဝင်ချိန်၊ ယာဉ်တစ်ကိုယ်မယ်၊ လေယာဉ်ပျံ၊ ကျေးလက်ဓလေ့၊ စပါကလင်၊ ရန်ကုန်သားနှင့် ကျွန်တော်၊ လက်နဲ့ထိရင်ရွှေ၊ ပြည်ထောင်စုရဲ့ထာဝရအလှ သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး တက်ရောက်လာသူများက ကြည့်ရှုအားပေးကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)