ဘားအံ မတ် ၁၄
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များကို National Road Safety Action Plan (2021-2030) နှင့်အညီ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းတာဝန်များကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယာဉ်တိုက်မှု၊ သေဆုံးမှုနှင့် ဒဏ်ရာရမှုနှုန်း ဆက်လက်ကျဆင်းလာစေရန်၊ ယာဉ်တိုက်မှုကြောင့်လူသေဆုံးနှုန်း သုညရာခိုင်နှုန်းထိကျဆင်းစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်၊ Quick Win အစီအမံ(၅)ရပ်ကို အခြေခံပြီး အသိပညာပေးမှု၊ တွန်းအားပေးကြပ်မတ်မှုနှင့် စစ်ဆေးအရေးယူမှုများကို ယခုထက်ပိုမိုအရှိန်မြင့်ဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်ဆပ်ကော်မတီများအနေဖြင့် NRSC ကချမှတ်ထားသော Action Plan များအတိုင်း မဆုတ်မနစ် ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားကြရန်နှင့် ကောင်းမွန်သော အကြံပြုချက်များရှိပါက ဝိုင်းဝန်းဆွေးနွေး တင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ကောင်စီအတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက NRSC ၏ ရည်ရွယ်ချက်၊ Quick Win အစီအမံ(၅)ရပ်အား ဆောင်ရွက်ထားမှု၊ ယာဉ်တိုက်မှု၊ ဒဏ်ရာရမှု၊ သေဆုံးမှု နှိုင်းယှဉ်ချက်၊ စစ်ဆေးအရေးယူမှုနှင့် အသိပညာပေးဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကာ တွဲဖက်အတွင်းရေးမှူး အမှတ်(၁၀)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးဟန်မွှေးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်မှု၊ စစ်ဆေးအရေးယူမှု၊ ထိခိုက်ဒဏ်ရာနှင့် သေဆုံးသူလျော့နည်းကျဆင်းလာမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီအဖွဲ့ဝင် ဝန်ကြီးများ၊ စီမံခန့်ခွဲရေးဆပ်ကော်မတီ၊ ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေးဆပ်ကော်မတီ၊ သုတေသနပြုရေးနှင့်ကျန်းမာရေး ဆပ်ကော်မတီနှင့် ဘဏ္ဍာရေးဆပ်ကော်မတီတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြပြီး ခရိုင်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တင်ပြဆွေးနွေးကြရာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုတင်ပြဆွေးနွေး ခဲ့ကြသည်။
ထိုသို့ တင်ပြဆွေးနွေးမှုများအပေါ် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)