လှိုင်းဘွဲ မတ် ၁၃
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအနေဖြင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကျန်းမာသန်စွမ်းစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက မွေးစမှအသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါဘီရောဂါနှင့် ဦးနှောက် အမြှေးရောင် ရောဂါ၊ ပိုလိုယို ရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်း/တိုက်ကျွေးခြင်း၊ ဆောင်ရန်/ရှောင်ရန်များကို ကလေးမိဘများအား အသိပညာပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင်ကာလအတွင်း အာဟာရပြည့်ဝစွာ ရရှိစေရန်အတွက် စားသင့်သည့်အစားများကို အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)