ငွေဆောင် မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီးပျောက်ဆုံးနှင့် အသစ်ပြုလုပ်ခြင်းနှင့်အတူ ရုံးလက်ခံ e-ID စက်အတွင်းရှိ အိမ်ထောင်စုများတွင် နိုင်ငံသားစိစစ်ရေးကဒ်နံပါတ်အပေါက်များအား ပြန်လည်ဖြည့်သွင်းခြင်း၊ ကွန်ပျူတာဖြင့် e-ID စစ်ဆေးခြင်း၊ နိုင်ငံသားနံပါတ် ရှိ၊ မရှိစစ်ဆေးခြင်း၊ အိမ်ထောင်စု ရှိ၊ မရှိစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ငွေဆောင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးရုံးတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ငွေဆောင်မြို့ လူဝင်မှုကြီးကြပ်ရေးမှူး ဦးသက်ခိုင်နှင့် ဝန်ထမ်းများက အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပျက်စီး၊ ပျောက်ဆုံးခြင်း၊ အသစ်ပြုလုပ်ပေးခြင်း၊ ရုံးလက်ခံ e-ID စက်အတွင်းရှိ အိမ်ထောင်စုများတွင် နိုင်ငံသားစိစစ်ရေးကဒ်နံပါတ်အပေါက်များအား ပြန်လည်ဖြည့်သွင်းခြင်းလုပ်ငန်းများအား သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး ထိုသို့ဆောင်ရွက်ခြင်းကို (၁၅.၃.၂၀၂၄)မှ စက်တင်ဘာလအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်လင်းဦး (ပြန်/ဆက်)