ဒေါပုံမြို့နယ်တွင် နွေရာသီအင်္ဂလိပ်စာအခြေခံသင်တန်းဆင်းပွဲကျင်းပ

ဒေါပုံ မတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် လူငယ်များအတွက် နွေရာသီကျောင်းပိတ်ရက်များအတွင်း ပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာအခြေခံသင်တန်းကို တစ်လအကြာဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အင်္ဂလိပ်စာသင်တန်းနည်းပြ ဆရာကြီးဦးမြစိန်က သင်တန်းဆင်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ရခြင်း၏ အကျိုးကျေးဇူးများနှင့် ကျေးဇူးတင် စကားပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများက အင်္ဂလိပ်သီချင်း များဖြင့် စုပေါင်းသီဆိုဖျော်ဖြေခဲ့ကြပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ အဆိုပါ အင်္ဂလိပ်စာအခြေခံသင်တန်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၃၅) ဦးက တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များအတွက် နွေရာသီကျောင်းပိတ်ရက်များအတွင်း အကျိုးရှိစေရန်အတွက် လူထုအခြေပြုဗဟိုဌာနများ၌ သင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)