ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေး

ပုသိမ် မတ် ၁၆

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကမ္ဘာ့စားသုံးသူ အခွင့်အရေး များနေ့ အထိမ်းအမှတ် Video Clip ပြသမှုကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကမ္ဘာ့စားသုံးသူများအဖွဲ့ (Comsumer International) က ဦးဆောင်ပြီး နှစ်စဉ်မတ်လ (၁၅)ရက်နေ့ရောက်တိုင်း စားသုံးသူများ၏ အခွင့်အလမ်းများကို ဂရုပြုမြှင့်တင်သည့်အနေဖြင့် ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥပဒေ အမှတ်(၉)ဖြင့် စားသုံသူကာကွယ်ရေး ဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သည့်အတွက် စားသုံးသူများအနေဖြင့်  အခွင့်အရေး (၈)ရပ်ကို ရရှိထားပြီးဖြစ်ရာ တွေ့ကြုံလာရသည့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှု၊ မကျေနပ်မှုများကို ဥပဒေနဲ့အညီ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၊ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီနှင့် တိုင်းဒေသကြီးစားသုံးသူရေးရာ ဦးစီးဌာနများက ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယနေ့ကျရောက်သည့် “ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ် ဆောင်ပုဒ်သည် “မျှတအလေးမူ တာဝန်ယူ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု” “Fair and Responsible AI For Consumers” နှင့်အညီ ကျင်းပဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယနေ့ အချိန်အခါ၌လည်း AI နည်းပညာကို ကမ္ဘာနှင့် အဝှမ်း ကျယ်ပြန့်စွာ အသုံးချလာပြီဖြစ်၍ စားသုံးသူများ ဖြစ်ပေါ်လာသည့် ထိခိုက် နစ်နာမှုများ အခက်အခဲများကို မည်သည့်နည်းလမ်းများကိုသုံးပြီး မည်သည့်အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်သင့်သည်ကို သိရှိထားရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ AI နည်းပညာအသုံးချပြီး စားသုံးသူများ နစ်နာမှုများ တွေ့ကြုံနေရသည့် အခက်အခဲများအတွက် အကြံဉာဏ်အလွယ်တကူ ရယူနိုင်နေပြီဖြစ်၍ စားသုံးသူများအတွက် သင့်လျော်သည့် အကြံ ပြုချက်များကို စားသုံးသူအကျိုးစီးပွား ကာကွယ်ရေးအတွက် ဥပဒေနှင့် အညီ ရယူအသုံးချ စီမံဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ဉာဏ်ရည်တုနည်းပညာသည် သုံးစွဲသူလူသားများ အတွက် တရားမျှတမှု ရှိရမည်ဖြစ်သလို တစ်ဖက်မှလည်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဝန်ဆောင်မှုများ ကုန်စည်များ ပေးအပ်သည့်အခါ မိမိတို့တာဝန်ယူရမည့် စီးပွားရေးကျင့်ဝတ် ဆိုင်ရာကိစ္စရပ်များကို သိရှိလိုက်နာပြီး တာဝန်ယူနိုင်ရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ ဉာဏ်ရည်တုနည်းပညာကို ထိန်းကျောင်းကိုင်တွယ် ဖြေရှင်းရန် အရေးပါလာသည့်အတွက် ယခုနှစ်၌ ဆောင်ပုဒ်သတ်မှတ်ပေးခဲ့ပြီး အလေးပေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊  ပြည်သူလူထုအားလုံးသည် စားသုံးသူများဖြစ်ကြသည့် အားလျော်စွာ မိမိတို့၏ စားသုံးသူ အခွင့်အရေး(၈)ရပ်ကို ကောင်းမွန်စွာ သိရှိနားလည်၍ မှန်မှန်ကန်ကန် ရယူပိုင်ဆိုင်ပြီး အခွင့်အရေးဆုံးရှုံးမှု ဖြစ်လာသည့်အခါအတိုင်း စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ များနှင့်အညီသက်ဆိုင်ရာကော်မရှင်၊ ကော်မတီ၊ ဦးစီးဌာနများတွင် ဖြေရှင်းဆောင်ရွက်နိုင်ပြီး စီးပွားရေးလုပ်ငန်းများကလည်း ကျင့်ဝတ်နဲ့အညီ ပြည်သူများအတွက် အကျိုးရှိမည့် ဝန်ဆောင်မှုများ၊ ထုတ်ကုန်ပစ္စည်းများကို အတ္တပရမျှတစွာ တိုးတက်ထုတ်လုပ်ရင်း စားသုံးသူ ပြည်သူများအတွက် ဆောင်ရွက်သွားကြစေလိုကြောင်း” အဖွင့်အမှာစကားများ ပြောကြား သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး ဦးစီးမှူးက ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသည့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသည့် ဒေသထွက်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ အထူးဂရုပြုဆောင်ရွက်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြ ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးအားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)