မင်းဘူး မတ် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်ရှိ ရှားပါးမျိုးစိတ်စာရင်းဝင် ဒေသရင်းမျိုးစိတ် Endemic Species မြန်မာ့ကြယ်လိပ်များအား ရွှေစက်တော်ဘုရားပွဲရာသီအတွင်း လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း ရွှေစက်တော်ဘေးမဲ့တောဥယျာဉ် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန်းထံမှ သိရသည်။
ရွှေစက်တော်ဘေးမဲ့တောရှိ ကြယ်လိပ်များသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင်သာတွေ့ရသော ဒေသရင်းဖွားမျိုးစိတ်ဖြစ်သည်။ မြန်မာ့ကြယ်လိပ် (ခ) ပင့်ကူလိပ် Burmese Star Tortoise များကို ဒေသသုံးအမည်များအဖြစ် မြလိပ်၊ ဆီချိုလိပ်၊ တောင်ပုံလိပ်နှင့် နတ်လိပ်ဟူ၍လည်း ခေါ်ဆိုကြပြီး၊ ၂၀၀၄ ခုနှစ်မှစတင်ကာ မန္တလေး ရတနာပုံဥယျာဉ်၊ လောကနန္ဒာဘေးမဲ့တော၊ မင်းစုံတောင်ဘေးမဲ့တော၊ ရွှေစက်တော်ဘေးမဲ့တောတို့တွင် ခြံခတ်မွေးမြူခြင်းကို သစ်တောဦးစီးဌာန၊ သားငှက်တိရစ္ဆန်အဖွဲ့နှင့် လိပ်မျိုးရှင်သန်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကာ မွေးမြူခဲ့ကြကြောင်း သိရသည်။
ကြယ်လိပ်များကို ကျေးလက်တောရွာများတွင် နေထိုင်ကြသူများက စားသုံးရန် အမဲလိုက်ခွေးများအသုံးပြု၍ ရှာဖွေဖမ်းဆီးသတ်ဖြတ်ခြင်း၊ တောခွေးများက ဖမ်းဆီးကိုက်ဖြတ်စားသောက်ခြင်း၊ ကြယ်လိပ်များကို အိမ်အလှမွေးတိရစ္ဆာန်အဖြစ် တွင်ကျယ်စွာမွေးမြူလာကြပြီး တရားမဝင်ရောင်းဝယ်မှုများရှိခြင်း၊ လိပ်များကျက်စားသည့် နယ်မြေရှိ သစ်တော၊ သစ်ပင်များကို ခုတ်ထွင်ရှင်းလင်း၍ စိုက်ပျိုးမြေပြုလုပ်လာခြင်းနှင့် သားရဲတိရစ္ဆာန်များ၏အန္တရာယ်မှကာကွယ်ရန် ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်မှ ဝန်ထမ်းများက ကြယ်လိပ်အကောင်ရေ ၂၀၀၀ ကျော်ကို ထိန်းသိမ်းစောင့်ရှောက်ထားခြင်းဖြစ်၍ ရွှေစက်တော်ဘုရားပွဲတော်ရာသီတွင် ဘုရားဖူးရင်းတဆက်တည်း ကြယ်လိပ်များပါ လေ့လာကြည့်ရှုနိုင်ကြကြောင်း ရွှေစက်တော်ဘေးမဲ့တောဥယျာဉ် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန်းက ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဇေယျာထက်(မင်းဘူး)