သာပေါင်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်

သာပေါင်း မတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဇန်နဝါရီ(၁)လအတွက် ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သွယ်သွယ်အေးမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးရေး(MCCT)အစီအစဉ်တွင် အကျုံးဝင်အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင် (၁၃၉၁)ဦး၊ အသက်(၂)နှစ်အောက် ကလေး (၂၃၇၈)ဦး၊ ပေါင်း (၃၇၆၉)ဦးတို့ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဇန်နဝါရီလ (၁)လအတွက် တစ်ဦးလျှင် (၁၅၀၀၀)ကျပ်စီဖြင့် (၅၆၅၃၅၀၀၀)(ငါးရာခြောက်ဆယ်ငါးသိန်းသုံးသောင်းငါးထောင်)ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သွယ်သွယ်အေးတို့က သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့‌ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း