စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မုံရွာ မတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီးတွင် မတ်လ ၁၅ ရက်ထိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်း လုပ်ငန်းများကို သတ်မှတ်နေရာအသီးသီးတွင် နေ့စဉ်ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ (၄၄၁၆၈) ဦးထိ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ပြီးကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ရုံးများတွင် ဝန်ထမ်းများမှ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းအား သတ်မှတ်နေရာများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင် လာစေကာ (Biometric Data) ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူပြီး Database တွင် သိမ်းဆည်းပြီး မတူညီသောဂဏန်း (၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ခြင်းပြီး အခမဲ့ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို Internet Line ကောင်းမွန်သည့် မြို့နယ်ရုံးများနှင့် တိုင်းအားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံနေရာတွင် ရုံးဖွင့်ရက်များ၌ ရုံးချိန်အတွင်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ မြန်ဆန်စေရန် မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန်၊ Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရ နှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)