ဘားအံ မတ် ၁၆
ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘားအံခရိုင် (Community Centre) ခန်းမတွင် နွေရာသီသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တို့ပူးပေါင်း၍ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရှိသည်။
ဘားအံခရိုင် Community Centre တွင် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် ပန်ချီပညာရှင်များပူးပေါင်း၍ နွေရာသီအခြေခံပန်းချီသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၅၀ ဦးနှင့် အခြေခံအင်္ဂလိပ်စာ (Grammar)သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ယနေ့အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုဖွင့်လှစ်သည့် သင်တန်းများသည် လူငယ်လူရွယ်များအတွက် အဖိုးတန်သင့်လျော်မှန်ကန်သည့် သင်တန်းများဖြစ်သည့်အတွက် နည်းပြဆရာ၊ ဆရာမများ၏ သင်ကြားပို့ချမှုများကို အလေးထား လိုက်နာမှတ်သားသင်ယူကြစေလိုကြောင်း၊ အခြေခံတတ်မြောက်ခြင်းမှသည် ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုစေနိုင်သည်အထိ လေ့လာမှတ်သားသင်ယူကြပြီး ပညာရေးနယ်ပယ်၊ လုပ်ငန်းခွင်နယ်ပယ်များ၌ လက်တွေ့အသုံးချနိုင်ရန် အထောက်အကူဖြစ်စေနိုင်သည့်အတွက် ကြိုးကြိုးစားစား လေ့လာသင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်က သင်တန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းများအတွက် ငွေကျပ် ၂၂၀၅၀၀ဝိ/ (နှစ်ဆယ့်နှစ်သိန်းငါးထောင်ကျပ်)ကို ထောက်ပံ့ပေးအပ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက “ဒေသအကျိုးပြု အစဉ်ရှေးရှု လူထုအခြေပြု”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ရွှေ့လျားမော်တော်ယာဉ်စာကြည့်တိုက်နှင့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ယနေ့ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးဖြင့် ရက်သတ္တပတ် သုံးပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ယခုနှစ်နွေရာသီတွင် ဘားအံခရိုင် Community Centre ၌ အခြေခံ ရှေးဦးပြုစုခြင်းသင်တန်း၊ အခမ်းအနားမှူးသင်တန်း၊ သတင်းရေးသားနည်းသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)