လိပ်သို မတ် ၁၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံတောင်သူများမှာ မိမိတို့အိမ်ခြံဝင်းအတွင်း ဥယျာဉ်ခြံအတွင်းနှင့် ချောင်းစပ်ဘေးများတွင် တောင်ပေါ်ကွမ်းကြမ်းပင်များအား စိုက်ပျိုးထားကြရာ ဒေသရိုးရာ စိုက်ပျိုးနေမှုမှ ပုံစံပြောင်းလဲ၍ စမ်းသပ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
တောင်ပေါ်ကွမ်းကြမ်းပင်များကို ဥယျာဉ်ခြံများရှိ သစ်ပင်ကြီးများပေါ်တွင် ဒေသရာသီဥတုနှင့်အညီ သမားရိုးကျ ရိုးရာနည်းဖြင့် စိုက်ပျိုးလာခဲ့ကြရာ နွေရာသီတွင် ကွမ်းရွက်အထွက်နှုန်းကျဆင်းခြင်း၊ ဆွတ်ခူးရာတွင်လည်း သစ်ပင်ကြီးများပေါ်တွင် စို့ရိုက်၍ ခက်ခဲစွာ ဆွတ်ခူးရခြင်းတို့ကြောင့် ကွမ်းပင်များကဲ့သို့ ရာသီမရွေး လွယ်ကူစွာ ဆွတ်ခူးနိုင်ရန် စမ်းသပ်စိုက်ပျိုးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့စမ်းသပ်စိုက်ပျိုးရာတွင် သရက်ပင်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပြီး အပင်ခြေရင်းတွင် စမ်းသပ်စိုက်ပျိုးခဲ့ကြရာ ယခုအခါ အောင်မြင်လျက်ရှိနေ၍ အခြားသစ်ပင်ငယ်များ၏ ခြေရင်းတွင်လည်း စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ယခင်က သစ်ပင်ကြီးများပေါ် စိုက်ပျိုးရာတွင် ပုံမှန်ရေပေးရန် မလိုအပ်သော်လည်း သရက်ပင်များပေါ်တွင် စိုက်ပျိုးရာ၌ ပုံမှန်ရေလောင်းပေးရကြောင်း အမှတ် (၃) ရပ်ကွက်နေ ကွမ်းရွက်စိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။ အချို့ကွမ်းရွက်စိုက်ပျိုးသူများမှာ ဝါးလုံးများကို တိုင်အဖြစ်အသုံးပြုပြီး ကွမ်းစင်ဆောက်ကာ စိုက်ပျိုးကြကြောင်းလည်း သိရသည်။
ခင်လေးနွယ် (လိပ်သို)