လေးမျက်နှာမြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်မှုအခြေအနေများအား တာ၀န်ရှိသူများ ကွင်းဆင်း စစ်ဆေး

လေးမျက်နှာ နိုဝင်ဘာ   ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အဆင်ပြေချောမွေ့ အောင်မြင်စေရေးအတွက်  မြို့နယ်အတွင်း ဆောင်ရွက်ထားရှိသည့် မဲရုံများအား တိုင်းကော်မရှင်အဖွဲ့ဝင် ဦးမောင်ဦးနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  ယနေ့နံနက် ၁၀ နာရီက သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင်မြို့နယ်အတွင်းရှိ မဲရုံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မဲရုံအခင်းအကျင်းနှင့် မဲရုံလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် အသက်(၆၀)နှစ်အထက် ဘိုးဘွားများနှင့် မသန်စွမ်းသူများ ကြိုတင်ဆန္ဒမဲပေးနေမှု  အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ အဖွဲဝင်များနှင့် မဲရုံအဖွဲ့ဝင်များအား တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)