မုံရွာ မတ် ၁၅
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စားသုံးသူအခွင့်အရေးဆိုသည် လူတိုင်းနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပါကြောင်း၊ မိမိတို့နေ့စဉ်စားသုံးမည့်၊ အသုံးပြုမည့် အစားအသောက် များ၊ ကုန်စည်များ၊ ဝန်ဆောင်မှုများအားလုံးကို ဝယ်ယူသုံးစွဲသူများဖြစ်၍ မိမိတို့အားလုံးသည် စားသုံးသူများဖြစ်ကြပါကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏ စားသုံးသူအခွင့် အရေးများ ချိုးဖောက်ခံရပါက အရေးဆိုတိုင်ကြားရန် လိုအပ်ပြီး တိုင်ကြားမှုများဖြစ်ပေါ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းဖြင့် စားသုံးသူများအတွက် အကာအကွယ်ရမှာဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ဖြန့်ဝေရေးနှင့် ထုတ်လုပ်သူများမှ စားသုံးသူများအတွက် ကျန်းမာရေးနှင့် ညီညတ်ပြီး ဘေးအန္တရာယ်ကင်းရှင်း သည့် အာမခံချက်ပေးနိုင်မည့် ကုန်စည်၊ ဝန်ဆောင်မှုများအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်သကဲ့သို့ ဥပဒေနှင့်မညီညွတ်မှုများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့်လည်း နစ်နာမှုများ ကြုံလာရပါက သက်ဆိုင်ရာဌာနသို့ တိုင်ကြားခြင်းဖြင့် မိမိတို့နစ်နာမှုအား ပြန်လည်ကုစားခွင့်တောင်းဆိုခွင့်များ ရရှိလာမှာဖြစ်ပါ၍ လုပ်ငန်းရှင်များအနေဖြင့်လည်း မျှတ သည့် စီးပွားရေးပတ်ဝန်းကျင်ကောင်း တည်ဆောက်ရာ ရောက်မှာဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ရေးသားပေးပို့ပြိုင်ပွဲဝင်ခဲ့သည့် ပြိုင်ပွဲဝင် (၃)ဦး ကိုယ်စား ပြိုင်ပွဲဝင်(၁)ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ကော်မတီ၏ ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့နှင့် စားသုံးသူကာကွယ်ရေးဆောင်ရွက်မှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) မှ ပေးပို့သည့် ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများမှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ခင်းကျင်းပြသထား ပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)