ချောက် မတ် ၁၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အုံမြားကြီးကျေးရွာ၊ အုံမြားရွာသစ်ကျေးရွာနှင့် အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်များတွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအဖွဲ့မှ ယနေ့နံနက်(၉) အချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်အတွင်း လေပြင်းဘေးဒဏ် ခံစားရလေ့ရှိသော ရပ်ကွက်/ကျေးရွာများအားရွေးချယ်၍ အိမ်ဆောက်ပစ္စည်းများအား ကြိုတင်ထောက်ပံ့ပေးလျက်ရှိရာ ဖေဖော်ဝါရီလဆန်းပိုင်းတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်း၍ အိမ်အမိုး/အကာ/အတန်းအားနည်းသော၊ ဆင်းရဲနွမ်းပါးသော၊ မိမိအစီအစဥ်ဖြင့်ဆောင်ရွက်နိုင်မှုမရှိသော နေအိမ်များ၊ အမှီအခိုကင်းမဲ့သည့် အသက်ကြီးသူများ၊ အမျိုးသမီးဦးဆောင်သော လူနေအိမ်များအား အဓိကထား၍ ပြင်ဆင်ရန်ရွေးချယ်ခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်နိုင်ရေး အိမ်ဆောက်ပစ္စည်းများ စုပုံ/ဖြန့်ခွဲခြင်းနှင့် ပြင်ဆင်မွမ်းမံခြင်းများကို ဆောင်ရွက်ခဲ့ရာ မတ်လ(၁၀)ရက်နေ့တွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တစ်အိမ်လျှင်ငွေကျပ် ၄၅၀၀၀ နှုန်းဖြင့် ချောက်မြို့နယ်အတွင်း အုံမြားကြီးကျေးရွာတွင် အိမ်ခြေ(၁၅၀)လုံး၊ အုံမြားရွာသစ်ကျေးရွာတွင် အိမ်ခြေ(၅၀)လုံး၊ အမှတ်(၇)ရပ်ကွက်တွင် အိမ်ခြေ(၅၀)လုံး၊ အမှတ် (၈)ရပ်ကွက်တွင် အိမ်ခြေ (၅၀)လုံး စုစုပေါင်းအိမ်ခြေ (၃၀၀)လုံးအတွက် ငွေကျပ် ၁၃၅၀၀၀၀၀ တန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းများအား ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)