မုံရွာ မတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်ပြီး နာဂဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဝမ်းစာဖူလုံရေးအတွက် Working Group၏ စိုက်ပျိုးပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းကခန္တီးခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ Working Groupခေါင်းဆောင် စစ်ကိုင်းတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် တက်ရောက်လာသူများအား အဓိကသီးနှံများ ပန်းတိုင်အထွက်ရရှိရေးနည်းစနစ်များအား အကျဥ်းချုပ်ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဦးမြင့်လွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် စပါးသီးနှံတွင်ကျရောက်တတ်သော ဆစ်ပိုးကာကွယ်နှိမ်နင်းနည်းစနစ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိဒေါ်ကြည်ရွှေက မြေပဲသီးနှံပန်းတိုင် အထွက်နှုန်းထွက်ရှိရေးနည်းစနစ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးနေသူရဇော်က အစေ့ထုတ်ပြောင်းသီးနှံ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး နည်းစနစ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးဒေါ်သန်းသန်းဌေးက နေကြာသီးနှံ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးနည်းစနစ်များကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးမှူးဦးနိုင်မော်လွင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး တိုင်းအဆင့် Working Group မှ တက်ရောက်လာသောတောင်သူများအား ပညာပေးလက်ကမ်းစာစောင်များ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ ပေးအပ်ခဲ့သည်။
ယင်းနောက် တာဝန်ရှိသူများက ဆဌမအကြိမ်မြောက် "နိုင်ငံ့စီးပွားမြှင့်တင်ဖို့စိုက်ပျိုးပညာဖြန့်ဝေစို့" စာတမ်းဖတ်ပွဲတွင်ခန္တီးမြို့နယ်မှ စာတမ်းဖတ်ကြားခဲ့သော ဒုတိယလက်ထောက်ဦးစီးမှူးဒေါ်ရီရီမြင့်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေ ၅၀၀၀၀ ကျပ်ချီးမြင့်ခဲ့ပြီးနောက် စိုက်ပျိုးရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ တက်ရောက်လာသောတောင်သူများနှင့် ဝန်ထမ်းများ၏သိရှိလိုသည်များကိုပြန်လည် ဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးမှဝန်ထမ်း (၅) ဦး၊ ခန္တီးခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း (၃၀) ဦးနှင့်တောင်သူ (၂၀) ဦး စုစုပေါင်း (၅၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)