ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ အမှားအယွင်းမရှိ ဆောင်ရွက်နိုင်စေရေး ရှင်းလင်းဆွေးနွေးခြင်း နှင့် မဲရုံပြင်ဆင်စရိတ် ထုတ်ပေးခြင်းများဆောင်ရွက်

လွိုင်ကော် နိုဝင်ဘာ ၄

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်များကို အမှားအယွင်းမရှိ ဆောင်ရွက်နိုင်စေရေး ရှင်းလင်းဆွေးနွေးခြင်း နှင့် မဲရုံပြင်ဆင်စရိတ်များ ထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါရှင်းလင်းဆွေးနွေးပွဲတွင် လွိုင်ကော်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးညီညီမင်းက ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ အမှားအယွင်းမရှိ ဆောင်ရွက်နိုင်စေရေး ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အတွင်းရေး မှူးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်း ရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲရုံတစ်ရုံလျှင် ငွေကျပ်(၅၀၀၀၀) နှုန်းဖြင့် မြို့နယ်အတွင်းရှိ မဲရုံ(၈၁)ရုံအတွက် မဲရုံပြင်ဆင်စရိတ်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် အဖွဲ့ဝင်များ၏ ထောက်ပံ့ စရိတ်များ၊ မဲရုံးသုံးပစ္စည်းများနှင့် လက်ကမ်းစာစောင် များကို ထုတ်ပေးရာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက မဲရုံအရေအတွက် အလိုက် ထုတ်ယူခဲ့ကြသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ လွိုင်ကော်မြို့နယ်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)