ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန  ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်

ကသာ မတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ ဝန်ထမ်းများ အကျယ်တဝင့် သိရှိနိုင်စေရန် အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီခွဲအချိန်က ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဆွေးနွေးပွဲတွင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ နှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ် အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ရမည့်သူများ၊ ပြည်သူ့စစ် မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရနိုင်သူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ရရှိနိုင်မည့်အခွင့်အရေးများ၊ စစ်မှုထမ်းဆောင်ခြင်းကို ရှောင်လွှဲပါက ကျခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ဆဲဖြစ်သဖြင့် မလိုလားအပ်သည့် မီဒီယာအချို့၏ လူမှုကွန်ရက်စာမျက်နှာ၊ Facebook, Telegram များမှ မဟုတ်မမှန် သတင်းမှားများကို မယုံကြည်ကြရန် စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့်ဝန်ထမ်းများက ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍သိရှိလိုသည်များကို မေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကျော်စွာ(ကသာ)