ဟိုင်းကြီးကျွန်း မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယမန်နေ့နေ့လယ် (၂)နာရီအချိန်က ကြာကန်ကျေးရွာပင်လယ်ကမ်းခြေတွင် ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ အဏ္ဏဝါကျေးရွာနေ ဦးမြင့်လွင်မှ ကမ်းဆွဲပိုက်ဖြင့် ငါးဖမ်းလုပ်ငန်း ဆောင်ရွက်နေစဥ် လင်းပိုင်(၁၅) ကောင်အား ငါးဖမ်းပိုက်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းဖမ်းဆီးရမိခဲ့သော လင်းပိုင်(၁၅)ကောင်အား ပင်လယ်ပြင်သို့ချက်ချင်းပြန်လွှတ် ပေးနိုင်ခဲ့ပြီး ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
အဆိုပါလင်းပိုင်များသည် သဘာဝရေမှော်များအားလာရောက်စားသုံးစဥ် ငါးဖမ်းပိုက်၌ ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး ထိုသို့ဖမ်းဆီးရမိမှုများ ထပ်မံမဖြစ်ပေါ်စေရန်အတွက် ကြာကန် ကမ်းခြေအား မော်တင်စွန်းဘုရားပွဲတော်ကာလအတွင်း ငါးမဖမ်းဆီးရနယ်မြေအဖြစ် ကန့်သတ်တားမြစ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများထံမှသိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)