ပခုက္ကူပညာရေးဒီဂရီကောလိပ်ကျောင်း၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အသိပညာ‌ပေးဟောပြောပွဲ ကျင်းပ

ပခုက္ကူ မတ် ၁၅

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူပညာရေးဒီဂရီကောလိပ်ကျောင်း၊ မဟာသရေစည်သူဦးဘခန်းမ၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပခုက္ကူပညာရေးဒီဂရီကောလိပ်ကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး ဒေါ်မော်ရီက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူခရိုင် စားသုံးရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်နှင့် ဝန်ဆောင်မှုများကို တိုက်ရိုက်သုံးစွဲသူ ပြည်သူအများရရှိခံစားရမည့် အကျိုးကျေးဇူးများ၊ အခွင့်အရေးနှင့်တာဝန်များ၊ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော စားသောက်ကုန်ပစ္စည်းများအကြောင်းတို့ကို အသိပညာပေးရှင်းလင်းဟောပြောသည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူပညာရေးဒီဂရီကောလိပ်ကျောင်း၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး ဟောပြောပွဲအပေါ် နားလည်နိုင်စွမ်းရည်ကို မေးမြန်းကာ ဆုများပေးအပ်ချီးမြှင့်ခြင်း၊ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝခြင်းများ ဆောင်ရွက်ကြသည်။

ဆက်လက်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက် ၇ နာရီအချိန်က ပခုက္ကူမြို့၊ ဧရာဝတီတံတား(ပခုက္ကူ) စစ်ဆေးရေးဂိတ်နှင့် လူသွားလူလာများသည့် လမ်းမကြီးများ၊ လမ်းဆုံ၊ လမ်းခွ‌နေရာများတွင် ဖြတ်သန်းသွားလာကြသည့် ခရီးသွားမော်တော်ယာဉ်လိုင်းများ၊ အိမ်စီးမော်တော်ယာဉ်များ၊ သုံးဘီယာဉ်နှင့် မော်တော်ဆိုင်ကယ်များထံ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ၊ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)