မြို့သစ် မတ် ၁၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့နံနက်ပိုင်းက မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသို့ ရောက်ရှိပြီး (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းအတွင်း ဆောက်လုပ်ထားရှိသော စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းဆောင်သစ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ အမှတ်(၁၇)ကာကွယ်ရေးပစ္စည်းစက်ရုံ၊ စက်ရုံမှူးဗိုလ်မှူးကြီး သိန်းလွင်၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့်အတူ သင်တန်းကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆောင်သစ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တက်ရောက်လာသော ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးယဥ်ထွန်းက သင်တန်းကျောင်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် သင်တန်းကျောင်းဆောင်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား သင်တန်းကျောင်းဆောက်လုပ်သည့် မိတ်ကောင်းလျှံကုမ္ပဏီနှင့် ဇေယျာစွမ်းထက်ကုမ္ပဏီတို့မှ စိုက်ပျိုးရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါစိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေ (ငွေလုံးငွေရင်း) အသုံးစရိတ်ငွေကျပ်သန်း (၃၂၃ဒသမ၂၅၇)ဖြင့် မိတ်ကောင်းလျှံကုမ္ပဏီနှင့် ဇေယျာစွမ်းထက်ကုမ္ပဏီတို့က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကျောင်းဖွင့်လှစ်ပါကဒေသခံတောင်သူများ၏ စိုက်ပျိုးရေးအတွက် တစ်ဘက်တစ်လမ်းမှ ကူညီပံ့ပိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုဇော်(ပြန်/ဆက်)