ပဲခူး မတ် ၁၅
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့၊ နံနက်ပိုင်းက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့ကမ္ဘာကြီးသည် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူတို့၏ နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲတိုးတက်လာပြီး အလွယ်တကူ အသင့်စားစားသောက်ကုန်ပစ္စည်းများအား တာရှည်ခံစေရန်၊ အနံ့အရသာပြည့်စုံစေရန် ဦးစားပေးကာ တရားမဝင်ဓာတုဆေးဝါးများ၊ အခွင့်မပြုသည့် ဓာတုဆိုးဆေးများ အသုံးပြုထုတ်လုပ်လာသဖြင့် စားသုံးသူပြည်သူများ အရွယ်မတိုင်မီ ရောဂါစွဲကပ်ခြင်းနှင့် နာတာရှည်ရောဂါများ ဖြစ်ပွားမှုတိုးတက်လာပြီး လူစွမ်းအားအရင်းအမြစ်များ ပျက်စီးဆုံးမှုကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်လာကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်တစ်ချို့၏ ဝိသမလောဘကြောင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ဖြစ်ပွားမှုကို ကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေများကို ပြဌာန်းရခြင်းဖြစ်ကြောင်း၊ စားသုံးသူများသည် ကမ္ဘာပေါ်တွင် စီးပွားရေးအရ အင်အားအကြီးဆုံးဖြစ်ပြီး ၎င်းအုပ်စု၏လိုလားချက်အသံများကို အလေးထားနိုင်ရန်အတွက် မတ်လ (၁၅) ရက်နေ့ကို စားသုံးသူအခွင့်အရေးများနေ့အဖြစ် သတ်မှတ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယနေ့ လူဦးရေတိုးတက်များပြားလာသည်နှင့်အမျှ စွမ်းအင်ဆိုင်ရာ ဝန်ဆောင်မှုများကို အသုံးပြုမှုများပြားလာခြင်းနှင့်အတူ သန့်ရှင်းသောစွမ်းအင်ကို အသွင်ကူးပြောင်းသုံးစွဲကြခြင်းဖြင့် စားသုံးကဏ္ဍမြှင့်တင်ပေးရာရောက်သဖြင့် သန့်ရှင်းသော စွမ်းအင်ပြောင်းလဲသုံးစွဲခြင်းနှင့်အတူ စွမ်းအင်များအလဟသ မဖြစ်စေရေးသုံးစွဲကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ကျောင်းသား/ သူများတို့နှင့်အတူ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် video Click အား ကြည့်ရှုခဲ့ကြပြီးအမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)