ကျိုက်လတ် မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီ အေရိုးဗစ်အားကစား သင်တန်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီခန့်က ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ထူးချွန်ထက်မြက်၍ အရည်အသွေးပြည့်ဝသော အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြတ်နိုးသူက အေရိုးဗစ်အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား၍အေရိုးဗစ်သင်တန်းတက်ရောက်သည့်သင်တန်းသူ (၁၆) ဦးအား နည်းစနစ်များ သင်ကြားပေးခဲ့သည်။ အဆိုပါသင်တန်းကို မတ်လ (၁၄) ရက်နေ့ မှ (၁၆) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ်(ပြန်/ဆက်)