အုတ်တွင်းမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် ကိုယ်ကာယကြံ့ခိုင်မှုအခြေခံသင်တန်း ဖွင့်လှစ်

အုတ်တွင်း မတ် ၁၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်ကာယကြံ့ခိုင်မှုအခြေခံ Fitness Dance သင်တန်းဖွင့်လှစ်သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်သပြေက နွေရာသီကျောင်းပိတ်ရက်တွင် မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလူငယ်များ အားကစားနှင့်ကာယပညာ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ သင်တန်းကို ဌာနသုံးခုပေါင်း၍ ပူး‌ပေါင်းဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

အုတ်တွင်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည့် Fitness Dance သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ယူလျက်ရှိပြီး ယနေ့နံနက် ၉ နာရီမှစ၍ သုံးရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲအပြီးတွင် Fitness Dance သင်တန်းတက်ရောက်လာသော ကျောင်းသားကျောင်းသူများက စာကြည့်တိုက်တွင် ပြသထားသော စာအုပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အေမင်းရည်စော (ပြန်/ဆက်)