မင်းဘူး မတ် ၁၅
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် မင်းလှကျင်း ရွာသားများသည် ရွာ၏ ရိုးရာဓလေ့အစဉ်အလာအတိုင်း နွားလှည်းယာဉ်တန်းဖြင့် ဘုရားဖူးထွက်ခြင်းကို တပေါင်းလဆန်း ၁၂ ရက် ညနေ ၃ နာရီတွင် ရွှေစက်တော်ဘုရားသို့ ညအိပ်ဘုရားဖူး ထွက်ဦးမည်ဖြစ်ကြောင်း မင်းလှကျင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုံးကြိုင်ထံမှ သိရသည်။
မင်းလှကျင်းရွာသည် ရွှေစက်တော်ဘုရားနှင့် ၁၂ မိုင်သာ ဝေးကွာသောကြောင့် နွားလှည်းမရှိသူများမှအပ ကျန်အိမ်ထောင်စုဝင်များအားလုံး ညီညီညွတ်ညွတ်ဖြင့် ဘုရားဖူးထွက်ကြသကဲ့သို့ မြန်မာနိုင်ငံတစ်ဝှမ်းမှ ဓာတ်ပုံပညာရှင်များကလည်း တောတောင်လျှိုမြောင်ကြား ဖြတ်သန်းကာ မောင်းနှင်လာသော ဘုရားဖူးလာသည့် ပေါင်းမိုးလှည်းတန်းကြီးအား လက်စွမ်းပြ ရိုက်ကူးကြပေဦးမည်ဖြစ်သည်။
ယခုနှစ်တွင် တပေါင်းလဆန်း ၁၂ ရက်နေ့ ညနေ ၃ နာရီ အချိန်မှစ၍ လပြည့်ကျော် ၂ ရက်အထိ ၅ ရက်၊ လှည်းအစီးရေ ၅၀ ခန့်ဖြင့် ညအိပ်စခန်းချ ဖူးမြော်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မင်းလှကျင်းကျေးရွာသည် မင်းဘူး(စကု)မြို့နယ်တွင် တည်ရှိပြီး ဘိုးဘေးဘီဘင်လက်ထက်မှ ယနေ့ မျက်မှောက်ခေတ်ကာလအထိ ရှေးရိုးစဉ်လာမပျက် နွားလှည်းတန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ဘုရားဖူးခဲ့ကြသည့် တစ်ခုတည်းသော ကျေးရွာဖြစ်သကဲ့သို့ ယခုနှစ်တွင်လည်း ရိုးရာဓလေ့အစဉ်အလာကို ဖော်ကျူးသည့်အနေဖြင့် နွားလှည်းယာဉ်တန်းဖြင့် ရွှေစက်တော်ဘုရားသို့ ဘုရားဖူးထွက်ကြမည်ဖြစ်ပြီး လာမည့်နှစ်များတွင်လည်း ဘုရားဖူးထွက်ကြဦးမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းကြိုင်က ပြောပြသည်။
ဇေယျာထက်(မင်းဘူး)