စုကလိ နိုဝင်ဘာ ၄
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရာ၌ လိုက်နာဆောင်ရွက်သင့်သည့်ကိစ္စများကို ပြည်သူများ သိရှိနိုင်ရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဆန္ဒမဲပေးရာတွင် သတိပြုလိုက်နာရမည့်အချက်များ အသိပညာပေးနံရံကပ်စာစောင်အား ပြသဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ပယ်မဲဖြစ်သွားစေနိုင်သည့်အချက်များ၊ ခိုင်လုံမဲအဖြစ် သတ်မှတ်နိုင်သည့် အချက်များ၊ ဆန္ဒမဲပေးရန် မဲရုံအတွင်းဝင်ရောက်ချိန်တွင် ဆောင်ရွက်ရမည့် အချက်များ၊ ကိုဗစ်-၁၉ အန္တရာယ်ကာကွယ်ခြင်းနည်းများဖြင့် ဘေးကင်းလုံခြုံစွာမဲပေးနိုင်မည့် အချက်အလက်များကို ထည့်သွင်းပြသထားသည်။
ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)