မြောင်းမြ မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် "အောင်" အထူးကုဆေးခန်းတို့ အကျိုးတူပူးပေါင်း၍ အာမခံ အလုပ်သမားများအား ဆေးကုသမှု၊ မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် ပတ်သတ်၍ လုပ်ငန်းရှင်းလင်းပွဲအခမ်းအနားကို မတ်(၁၃)နေ့ နံနက် (၁၁:၃၀) နာရီအချိန်က "အောင်ထူးကုဆေးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် လူမှုဖူလုံရေးရုံး၊ ရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မိုးသန္တာအေးမှ လူမှုဖူလုံရေးအဖွဲ့၏ ဆေးကုသမှု အခွင့်အလမ်းများအား ရှင်းလင်းပြောကြားရာတွင် အကျုံးဝင် အာမခံအလုပ်သမားများအား ဆေးကုသမှုအဆင်ပြေချောမွေ့စေနိုင်ရေးအတွက် "အောင်" အထွေထွေရောဂါကုဆေးခန်းနှင့် အကျိုးတူပူးပေါင်း၍ စာချုပ်ချုပ်ဆိုပြီး ဆေးကုသမှုဝန်ဆောင်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း တို့ကိုဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် "အောင်" အထွေထွေရောဂါကုဆေးခန်းမှ မန်နေဂျာဒေါ်အေးသွယ်စိုးနှင့် တာဝန်ခံဆရာဝန် ဒေါက်တာဦးမိုးဇော်တို့မှ ကုသနိုင်သည့် ရောဂါများအကြောင်း၊ မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင်မှုများအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ "အောင်" အထွေထွေရောဂါကုဆေးခန်းတွင် ပိတ်ရက်မရှိ နံနက် (၈:၀၀) မှ ည (၈:၀၀) အထိ လာရောက်ဆေးကုသမှုများ ခံယူနိုင်ကြောင်းနှင့် လုပ်ငန်းရှင်းလင်းပွဲ အခမ်းအနားသို့ လူမှုဖူလုံရေးရုံးမှ တာဝန်ရှိသူများ၊ "အောင်" အထွေထွေရောဂါကုဆေးခန်းမှ တာဝန်ရှိသူများနှင့် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်သမားဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)