စလင်းမြို့ ထူးပေါက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာအသိပညာပေးဆွေးနွေးပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ      

စလင်း မတ်လ ၁၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်း​မြို့နယ် ထူးပေါက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ  စလင်းမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့  မြို့နယ်အုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရပ်မိရပ်ဖ ဦးစိန်လင်း၊ မြို့နယ်ဒရဲတပ်ဖွဲ့မှူး သန့်ဇင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလင်း၊ မြို့နယ်ဥပဒေအရာရှိ  ဦးရန်အောင်တို့မှ  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍  ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ ဘာကြောင့် စစ်မှုထမ်းဥပဒေကို ကျင့်သုံးရကြောင်း၊ ဥပဒေဆိုင်ရာ အကြောင်းအရာများ  စစ်မှုထမ်းရမည့်အသက်အရွယ် အမျိုးသား၊ အမျိုးသမီးများ၏အသက်အရွယ်နှင့် ကျွမ်းကျင်မှုဘာသာရပ်ပညာတတ်ကျွမ်းမှုများ  ပြည်သူ့စစ်မှုထမ်းခြင်းမှ ရှောင်လွှဲပါက ကျခံရမည့်ပြစ်ဒဏ်များ  ဥပဒေပါပြ ဒါန်းချက်များနှင့်ပတ်သက်၍ နိုင်ငံသားတိုင်းအနေဖြင့် စိုးရိမ်စရာမလို ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဥ်း၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူများအထင်အမြင်လွဲမှားစေရန်  ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ကောလဟာလသတင်းများ ပျံနှံလာမှုအပေါ် ယုံကြည်မှုမရှိ ကြရန်တို့ ကို ရှင်းလင်း ပြော ကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် ပြည်သူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးရှင်းလင်းခဲ့သည်။ တက်ရောက်လာသည့် ပြည်သူများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များကို ဖြန့်ဝေငှခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ထူးပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး   ဆယ်အိမ်မှူးများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြောင်း  သိရသည်။

(မောင်လွင်)စလင်း