မြဝတီ မတ် ၁၅
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Won Kayin အမျိူသမီးများအဖွဲ့ကွန်ယက်တို့ပူးပေါင်း၍ ကျား/မတန်းတူညီမျှမှုရှိရေးနှင့် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို မတ် ၁၂ က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ပြီး မတ် ၁၃ ရက်နေ့တွင် သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြဝတီခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက သင်တန်းကို အောင်မြင်စွာဖွင့်လှစ်နိုင်မှုနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပေးပြီး ဦးဟိန်းရဲမြတ်(ဘားအံ)က အမျိုးသမီးများအနေဖြင့် ကျား/မတန်းတူညီမျှမှုရှိရေး၊ ခွဲခြားဆက်ဆံမှုမရှိစေရေးနှင့် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်စေလိုသော ရည်ရွယ်ချက်ဖြင့် သင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပေးသည်။
အဆိုပါသင်တန်းကို မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အမျိုးသမီးငယ်များအတွက် ကျား/မခွဲခြားဆက်ဆံမှုမရှိစေရေး၊ ကျား/မခွဲခြားသောအမြင်များကြောင့်ဖြစ်ပေါ်လာသော အကြမ်းဖက်မှုခြောက်မျိုးဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ အန္တရာယ်ရှိသောရိုးရာဓလေ့နှင့် သက်ဆိုင်သည့်အကြမ်းဖက်မှုအကြောင်းအရာများကို နည်းပြနှစ်ဦးတို့က သင်တန်းသား၊ သင်တန်းသူ ၂၆ ဦးတို့အား နှစ်ရက်တာကာလအတွင်း နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်ခန်းစာများပို့ချပေးခြင်း၊ အုပ်စုလိုက် ပြန်လည်မေးမြန်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး သင်တန်းဆင်းပွဲ အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)