လဟယ် မတ် ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လဟယ်မြို့နယ်ရုံးမှ ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို မတ်(၁၃) ရက်နေ့ နံနက် ၁ဝ နာရီ က မြို့နယ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ဦးစီးမှူး၊ ဦးရှားဆက်က ပြဋ္ဌာန်းထားသည့် ဥပဒေ၏ အခွင့်အရေးအား နိုင်ငံသားတိုင်း ခံစားခွင့်ရှိသကဲ့သို့ ဥပဒေပါ တာဝန်များကိုလည်း နိုင်ငံသားတိုင်း လိုက်နာရမည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယခုမှ အတည်ပြုထုတ်ပြန်လိုက်ခြင်း မဟုတ်ဘဲ (၁၉၅၉) ခုနှစ်မှစတင်၍ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေဆိုပြီး ရှိခဲ့ပါကြောင်း၊ (၂၀၁၀) ပြည့်နှစ် နိုဝင်ဘာလတွင် ဥပဒေအမှတ်(၂၇/၂၀၁၀)နှင့် (၁၉၅၉) ပြည်သူ့စစ်မှုထမ်း ဥပဒေအား ပြင်ဆင်သတ်မှတ်ခဲ့ပြီး ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် စတင်အာဏာတည်စေခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအား မြန်မာနိုင်ငံတွင်သာ ပြဋ္ဌာန်းခြင်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများစွာတွင်လည်း ကျင့်သုံးလျက်ရှိရာ သာဓကအနေဖြင့် အရှေ့တောင်အာရှ ဒေသနိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ လာအို၊ ထိုင်းနိုင်ငံနှင့် ဒေသ တွင်းနိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဩစတြေလျနိုင်ငံများတွင်လည်း ကျင့်သုံးလျက်ရှိပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် ဥပဒေ ပြဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်”ဟုလည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်အား လူကြီး၊ လူငယ် မရွေး တိုင်းရင်းသားပြည် သူအားလုံး သိနားလည်ရန်၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများဖြစ်သည့် နိုင်ငံခြားတိုင်းပြည်များတွင် ဆောင်ရွက်နေသော စစ်မှုမထမ်းမနေရစနစ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်း၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ် မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်း မှကင်းလွတ်ခြင်း၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွေ့ဆိုင်းနိုင်သည့် ပုဂ္ဂိုလ်များ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းမှုအပေါ် ဝန်ထမ်းများ သိရှိလေ့လာနိုင်စေရန်အတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)