ကြို့ပင်ကောက် နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ၂၀၂၀ ပြည်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Quarantine ဝင်ရောက်နေသောကြောင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများက Quarantine Centre အသီးသီးသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ကောက်ခံလျက်ရှိကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်ကျေးရွာများတွင် ကြိုတင်ဆန္ဒမဲရုံများ ဖွင့်လှစ်ပြီး ကောက်ခံလျက်ရှိရာ ကျန်းမာရေးအခြေအနေကြောင့် မဲရုံများသို့ သွားလာရေး ခက်ခဲနေသူများကို နိုဝင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် အိမ်တိုင်ရာရောက် လိုက်လံကောက်ခံပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Quarantine Centre ၁၅ ခုမှ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၄၅ ဦး၊ မြို့နယ်ပြည်သူ့ဆေးရုံသံဃာဆောင်နှင့် တိုင်းရင်ဆေးရုံတို့တွင် အတည်ပြုလူနာအဖြစ် ကုသမှုခံယူနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆ ဦးတို့အား သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့်ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆန္ဒမဲပေးခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)