ရေဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် ဓာတ်ပုံပြပွဲ ပြုလုပ်

ရေဖြူ မတ် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့နံနက် ၈နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ် ဖြူဖြူရှိန်က အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ လူငယ်ဟူသည့်အဓိပ္ပာယ်များ၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရေး လိုက်နာကျင့်သုံးရမည့်အချက်များ၊ လူငယ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ဉာဏ်စမ်းမေးခွန်းများမေးမြန်းပြီး ဖြေဆိုနိုင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ သုတ/ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသပြီး ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခတ္တာ(ရေဖြူ)