ဆင်ပေါင်ဝဲမြို့နယ်တွင် အဂတိလိုက်စားမှုကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ဆင်ပေါင်ဝဲ မတ် ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် အဂတိလိုက်စားမှု ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အဂတိလိုက်စားမှုကာကွယ်ရေးအဖွဲ့ (CPU) ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်က လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်မြင့်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ကိစ္စရပ်များ နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားကာ မြို့နယ်တရားသူကြီး ဦးသိုက်ထူးမင်းက အဂတိလိုက်စားမှုနှင့်ပတ်သက်သည့် အကြောင်းအရာများကိုအကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်စိမ်းနုဝေက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ မြို့နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့မှ အသိပညာပေးလက်ကမ်းစာစောင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များကို  တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းရှင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)