မြန်မာနိုင်ငံ စာရေးဆရာအသင်း (ရေကြည်မြို့နယ်)မှ ငါးသိုင်းချောင်းမြို့ (အ-ထက)ကျောင်းရှိ နေရာကန့်သတ် စောင့်ကြည့်စင်တာသို့ PPEဝတ်စုံများလှူဒါန်း

ငါးသိုင်းချောင်း  နိုဝင်ဘာ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံစာရေး ဆရာအသင်း (ရေကြည်မြို့နယ်) အသင်းဝင်စာရေးဆရာများ စုပေါင်းစီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့ (အ-ထ-က)ကျောင်းရှိ နေရာကန့်သတ် စောင့်ကြည့်စင်တာတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံ(၁၀)စုံ လှူဒါန်းခြင်းနှင့် အသင်းဝင် စာရေးဆရာ မျိုးဟန်(မြန်မာစာ)က ကိုဗစ်-၁၉‌ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေ(၂၀၀၀ဝိ/)ကျပ်ကို အဆိုပါ နေရာကန့်သတ် စောင့်ကြည့်စင်တာတွင် ပေးအပ်လှူဒါန်းခဲ့ရာ မြို့ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းမှု နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံစာရေးဆရာ အသင်းဝင်များ သို့ ထောက်ပံ့လှူဒါန်းသည့် မြို့နယ်အလိုက် အချိုးကျခွဲ‌ဝေ ထောက်ပံ့‌ငွေများကို ရေကြည်မြို့နယ် အတွင်းရှိ ရေကြည်၊ ငါးသိုင်းချောင်းနှင့် အသုတ်မြို့များမှ အသင်းဝင်စာရေးဆရာ (၁၁)ဦးတို့က ထပ်ဆင့်စုပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လှူဒါန်းခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံစာရေးဆရာ အသင်း (ရေကြည်မြို့နယ်) အသင်းဥက္ကဋ္ဌ ဦးဝင်းနိုင် (ရွှေရဲလှ)က ပြောကြားထားသည်။

လက်ရှိအချိန်တွင် ငါးသိုင်းချောင်းမြို့‌၊ အ-ထ-ကကျောင်းရှိ နေရာကန့်သတ် စောင့်ကြည့်စင်တာတွင် စက်တင်ဘာလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့၊ ယနေ့အထိ နေရာကန့်သတ် စောင့်ကြည့်ခံယူခဲ့သူ စုစုပေါင်း(၂၃၈)ဦးအထိရှိပြီဖြစ်ပြီး၊ (၆၃)ဦးနေရာ ကန့်သတ်စောင့်ကြည့်မှု ဆက်လက်ခံယူလျက်ရှိကြောင်း၊ ဒေသခံပြည်သူ စေတနာရှင်များကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်မှုများရှိနေပြီး သက်ဆိုင်ရာမြို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၊ ‌ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိ သူများ နှင့် မြို့ပေါ်ရှိလူမှုရေး အသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်း Volunteerအင်အား (၁၅)ဦးဖြင့် အလှည့်ကျ တာဝန်ခွဲဝေလျက် အဆိုပါနေရာ ကန့်သတ်စောင့်ကြည့်စင်တာတွင် လိုအပ်သော လုပ်ငန်းများနှင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အဆက်မပြတ်အရှိန်အဟုန်မြှင့် ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)