မအူပင်မြို့၏ ကျက်သရေဆောင် ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ ထီးတော်၊ ငှက်မြတ်နား‌‌တော်နှင့် စိန်ဖူး‌တော်အသစ်ပြန်လည်တင်လှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မအူပင်၊ မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ် (၃)ရပ်ကွက်ရှိ ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်အသစ်ပြန်လည်တင်လှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်‌ရေးအတွက် ကော်မတီများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က အဆိုပါဘုရားကြီး တန်းဆောင်းတော်အတွင်း ကျင်းပပြုလုပ်သည်။

ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ ထီးတော်၊ ငှက်မြတ်တားတော်နှင့် စိန်ဖူးတာ်များအား တပေါင်းလဆန်း (၈) ရက်နေ့တွင်မြို့တွင်းသို့လှည့်လည်အပူဇော်ခံသွားမည်ဖြစ်ပြီး တပေါင်းလဆန်း (၁၃) ရက်နေ့တွင် အောက်ခြေဘုံ (၉) ဆင့်ပါသော ထီးတော်အသစ်၊ ငှက်မြတ်နားတော်အသစ်၊ စိန်ဖူး‌တော်အသစ်တို့အား တင်လှူပူဇော်သွားမည်ဖြစ်သည်။ တပေါင်းလဆန်း (၁၄) ရက်နေ့တွင် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်‌ကျောင်းများမှ သံဃာတော်များနှင့် သီလရှင်ဆရာ‌လေး၊ ဆရာကြီးများအား ဆွမ်းဆန်‌တော်လောင်းလှူပူ‌ဇော်မည်ဖြစ်‌ကြောင်းနှင့် တပေါင်းလပြည့်နေ့တွင် ဗုဒ္ဒဘိသေကအနေကဇာတင် အခမ်းအနား ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ရာ လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းကြကြောင်း သိရပါသည်။

အဆိုပါ‌ဆွေးနွေးညှိနှိုင်းပွဲသို့ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကော်မတီဝင်များ၊ ဘုရားဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များ တက်ရောက်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)