ပွင့်ဖြူမြို့နယ် အနောက်ကိုင်းကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲ ကျင်းပ

ပွင့်ဖြူ မတ် ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် အနောက်ကိုင်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဝင်းထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်သိမ့်သိမ့်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းချက်များနှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဝင်းဦးက လူမှုကွန်ယက်စာမျက်နှာများတွင် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် အတင်းအဓမ္မပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများ စသည့် ရေးသားဖော်ပြချက်များမှာ လုပ်ကြံရေးသားသည့် သတင်းတု၊ သတင်းမှားများသာဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ပူပန်စရာမလိုကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးလုပ်ငန်းများကို လှည့်ကင်း၊ ပတ်ကင်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုလုပ်ရပ်များအပေါ် ပြည်သူနှင့် ဆက်နွယ်ပါဝင်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို မေးမြန်းဆွေးနွေးရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ပညာပေးလက်ကမ်းစာစောင် စောင်ရေ ၁၇၅ စောင်အား ဒေသခံပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)