ပွင့်ဖြူ မတ် ၁၄
မကွေးတိုင်းဒေသကြီ၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရန်အတွက် မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့ပြသန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ မြို့ပြသန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးလင်းမင်းညွန့်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့တွင်းရှိ ပိတောက်လမ်း၊ ဗိုလ်ချုပ်လမ်းနှင့် ချယ်ရီလမ်း လမ်းဘေး (ဝဲ၊ ယာ)ရှိ ရေနုတ်မြောင်းများတွင် ပိတ်ဆို့နေသော သဲနုန်းရွှံ့များနှင့် အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်း၊ တံမြက်စည်းလှဲခြင်း စသည့် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများကို အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စုပေါင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြို့ပြသန့်ရှင်းသာယာလှပရေးအတွက် ယခုကဲ့သို့ မြို့တွင်းရှိ ရေနုတ်မြောင်းများနှင့် မြို့ပတ်လမ်းပေါ်ရှိ ရေဆိုးထုတ်မြောင်း ရေစီးရေလာကောင်းမွန်စေရန် ပြုလုပ်ဆောင်ရွက်ခြင်းအပြင် ပြည်သူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု လျော့နည်းစေရန်နှင့် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် မြို့ပတ်ဝန်းကျင်ရှိ စွန့်ပစ်ပလတ်စတစ်အမှိုက်များ လိုက်လံကောက်ယူရှင်းလင်းခြင်း၊ နေ့စဉ် အမှိုက်သိမ်းယာဉ်များဖြင့် မီးဖိုချောင်အမှိုက်များ လိုက်လံသိမ်းဆည်းပေးခြင်း၊ မြို့ပြသာယာစိမ်းလန်းစိုပြည်ရေးအတွက် ပန်းအလှပင်များနှင့် အရိပ်ရပင်များ ပြုစုပျိုးထောင်စိုက်ပျိုးခြင်းနှင့် စိုက်ပျိုးထားရှိသော အပင်များ ရှင်သန်ကြီးထွားရေး ရေဖျန်းခြင်း စသည့် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောကြား၍ သိရှိသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)