ပြည်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “သတင်းရေးသားနည်း သင်တန်း” ဖွင့်လှစ်

ပြည် မတ် ၁၄

ပြည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် အခြေခံ သတင်းရေးသားရာတွင် ပြည်သူလူထုထံ ထိရောက်စွာနှင့် အချက်အလက် မြန်ဆန်မှန်ကန်စွာ တင်ပြနိုင်ရန် ရည်ရွယ်၍ “သတင်းရေးသားနည်းသင်တန်း (၁/၂၀၂၄)” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းတွင် ရှေးဦးစွာ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ပြည်မြို့နယ်သတင်းစာဆရာအသင်းနာယက ဦးအောင်သန်းထွဋ်က အခြေခံသတင်းရေးသားနည်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ (SH Media) ပဲခူးတိုင်း သတင်းတာဝန်ခံ ဦး​မောင်မောင်နိုင်က သတင်းအဓိပ္ပါယ်၊ သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေများ၊ သတင်းသမားတာဝန်၊ ကျင့်ဝတ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ (SH Media) ပဲခူးတိုင်း သတင်းတာဝန်ခံ-(၂) ဦးဝင်းမင်းထွန်းက သတင်းအမျိုးအစားများ၊ သတင်းဆောင်းပါး ရေးသားနည်း၊ သတင်းကောင်းတစ်ပုဒ်ရေးနိုင်ရန် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ (SH Media) ပန်းတောင်းမြို့နယ် တာဝန်ခံ ဦးကျော်နိုင်သန်းက သတင်းအရင်းအမြစ် ရှာဖွေခြင်းနှင့် အချက်အလက် စုဆောင်းခြင်းအားလည်းကောင်း အသီးသီးဆွေးနွေးပို့ချခဲ့သည်။

အဆိုပါ သင်တန်းအား မတ်လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပို့ချ သွားမည်ဖြစ်ပြီး သင်တန်းသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြည်ခရိုင်နှင့် မြို့နယ်ရုံးများမှ အရာထမ်းဝန်ထမ်း()ဦးနှင့် အမှုထမ်းဝန်ထမ်း(၁)ဦး၊ စုစုပေါင်း (၁၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုစိုး (ပြန်/ဆက်)