သရက်မြို့နယ် ညောင်ဇစ်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

သရက် မတ် ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊   ညောင်ဇစ်ကျေးရွာ၌ ယနေ့နံနက် ၁၀ နာရီက ပြည်သူ့စစ်မှု ထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။  

အဆိုပါဆွေးနွေးပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြန်မာနိုင်ငံ၌ (၁၉၅၉) ခုနှစ် မတ်လ (၁၁) ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းအက်ဥပဒေအမည်ဖြင့် ပြဋ္ဌာန်းကာ အဆိုပါအက်ဥပဒေကို (၁၉၆၂) ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှာ စတင်အာဏာတည်ပြီး၊ (၂၀၁၀) ပြည့်နှစ်၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက(၁၉၅၉) ခုနှစ်၊ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ရုပ်သိမ်းခဲ့ပြီး (၂၀၁၀)ပြည့်နှစ် နိုဝင်ဘာ (၄) ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေသစ်ကို ထပ်မံပြဌာန်းခဲ့ကြောင်းနှင့် (၁၀-၂-၂၀၂၄) ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းဆောင်ရွက်ခဲ့‌ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) နှင့် မြို့မရဲစခန်းမှူးတို့က ပြည်သူစစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှူထမ်းတို့၏ ခံစားခွင့်များ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိသူများ၊ စစ်မှုထမ်းဆောင်ခြင်းမှ ရှောင်လွဲပါက ကျသင့်မည့်ပြစ်ဒဏ်များနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယမြို့နယ်ဥပဒေအရာရှိက ပြည်သူ့စစ်မှုထမ်းဥပဒေပါပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ်ကျင့်သုံးရသည့်အကြောင်းအရင်းများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊  ပြည်သူ့စစ်မှုထမ်းရန်ကာလစသည်တို့အား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိ‌ကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကိုဖြန့်‌ဝေ‌ပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ ဆက်(သရက်)