စေတုတ္တရာ နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းနှင့် ဇနီး ဒေါ်တင်ရွှေတို့သည် ယနေ့နံနက်(၁၁)နာရီအချိန်က စေတုတ္တရာမြို့ အမှတ်(၂)ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင် ဆန္ဒမဲလာရောက်ပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းနှင့်ဇနီး ဒေါ်တင်ရွှေ တို့ ကြိုတင်ဆန္ဒမဲလာရောက်ပေးရာတွင် အမှတ်(၂)ရပ်ကွက် မဲရုံးမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့ အမှတ်(၂)ရပ်ကွက်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၃၆၂၃)ဦးရှိပြီး ချင်းတိုင်းရင်းသား အနေဖြင့် (၁၃၅၂)ဦးရှိကြောင်းနှင့် အသက်(၆၀)နှစ်နှင့် အထက် ကြိုတင်မဲဆန္ဒရှင် (၅၀၃) ဦးရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံ(၆၉)ရုံဖြင့် ကျင်းပသွားမည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၃၄၆၅၁)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
စည်သူလွင်(ပြန်/ဆက်)